Tuesday, February 12, 2013

Pu Salai Kip Kho Lian Thu Son Na

ဇန္နဝါရီလ (၁ဝ) ရက်နေ့ ယနေ့နံက် (၁၁) နာရီတွင်ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကချင်ဒေသစစ်ပွဲများ ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ်ကိုကျင်းပစဉ်                                   ချင်းအမျိုးသားတပ်ဦး၊ အဓိပတိ ကောင်စီဝင်၊ ဆလိုင်းကစ်(ခို)လျန် ပြောကြားသောမိန့်ခွန်း။ 

အသံဖိုင် https://dl.dropbox.com/u/7921504/Panglong%20Speech.mp3


ကျနော်တို့ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ဇန္နဝါရီ () ရက်နေ့မှာ ကချင်ဒေသထိုးစစ်ကို အပျင်း အထန် ကန့်ကွက်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ သဘောထားကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့ကချင်ဒေသ စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် ဆန္ဒ ထုတ်ဖေါ်ပွဲမှာ အခုလိုစကားပြောခွင့်ရတဲ့အတွက် ကျနော် အထူး ပဲဝမ်းသာပါတယ်။  ချင်းအမျိုးသားတပ်ဦးကိုယ်စားလည်း ကျနော်ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ဒီဆွေးနွေးဝိုင်းကိုဖန်တီးခဲ့တဲ့ အဖွဲ့အစည်းအားလုံး၊ ဒီနေ့ ကြွရောက်လာတဲ့ တိုင်းရင်းသားပြည်သူ အားလုံး၊ ဆရာတော်ကြီးများအပါအဝင်၊ ပရိသတ်ကြီးတခုလုံးကို ကျနော်တို့ ချင်းအမျိုးသားတပ်ဦးကိုယ်စား ကျေးဇူး တင်ကြောင်းပြောကြားလိုပါတယ်။

အခုလို ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု အရေးတွေ ဆွေးနွေးဖို့အတွက် ကျနော်တို့ပြည်သူတွေ ဆုံတွေ့ ကြတာ ဟာ ဒီ တကြိမ်ဟာ ပထမ အကြိမ် မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ နှစ်ပေါင်း ၆ဝ ကျော် သမိုင်းကာလ မှာ ဒီလို ဆုံတွေ့မှုမျိုးကိုအကြိမ်ပေါင်းမြောက်မြားစွာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်းပဲ တချိန် တခါက ဒီလို ဆုံတွေ့ မှု မျိုးကိုလုပ်တဲ့အခါမှာ ကျနော်တို့တွေမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင် ခဲ့ကြ ရပါတယ်။ ဝေါဟာရ အသုံးအနှုန်းတွေမှာကျနော်တို့နားလည်မှုတွေလွဲခဲ့ကြရပါတယ်။ အထူးသဖြင့် ဗမာ ညီအစ်ကို များနဲ့ ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာ ဝေါ်ဟာရနားလည်မှုတွေ အဓိပ္ပါယ်ဖွင့် ဆို ချက်တွေ မှာ အခက်အခဲတွေကြုံတွေ့ခဲ့ကြရပါတယ်။ သို့သော်လည်းပဲ ဒီနေ့ဒီအချိန်အခါမှာ ဖက်ဒရယ် ဆိုတဲ့စကားလုံးကိုလူတိုင်းပါးစပ်ဖျားမှာ ကြားနေရပါတယ်။ ဒီမိုကရေစီဆိုတာကို လည်း လူတိုင်းက ပြောနေ ကြပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့လူရော၊ ဒီမိုကရေစီ ကိုမလိုလားတဲ့လူရော၊ ဒီမိုကရေစီ ကိုမကြိုက်နှစ် သက် တဲ့ လူရော၊ ဒီမိုကရေစီ ဆိုတဲ့စကားလုံး ကို တွင်တွင်ပြောနေကြပါပြီ။

ဒီတော့ကျနော်တို့ ငြိမ်းချမ်းရေးအကြောင်းကို ပြောကြမယ်၊ ကချင်ဒေသ မှာငြိမ်းချမ်းရေး ပျက် သုဉ်း နေတာကို ပြော ကြမယ်ဆိုတဲ့ အခါမှာ ကျနော့ရင်ထဲမှာ ကချင်ဒေသ တခုထည်း ကို စိတ်ထဲမှာ မရှိပါဘူး။ ဧရာဝဒီ ကို လည်း ကျနော်မြင်မိပါတယ်။ ချင်းတွင်းမြစ် ကိုလည်းကျနော်မြင်ယောင်မိပါတယ်။ ဒီဒေသတွေ အားလုံး မှာ လည်းငြိမ်းချမ်းရေးတွေ ပျက်သုဉ်းနေပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာလည်း ငြိမ်းချမ်းရေး တွေ ပျက်ပြား နေ ပါ တယ်။ အကုန်လုံးကဝမ်းနဲနေကြပါတယ်။ ကျနော်တို့ နိုင်ငံ ကိုကြည့်လိုက်လို့ရှိရင် အလယ် ဗဟိုမှာ နိုင်ငံရဲ့ တနံတလျား အထက် အောက်ဒေါင်လိုက် မြောက်ကနေ တောင်အထိ စီးဆင်း နေတဲ့ ဧရာဝဒီမြစ်ကြီး ရှိတယ်၊ ချင်းတွင်းမြစ် လည်းရှိတယ်၊ ဒီမြစ်နှစ်သွယ် ကိုပဲကြည့် လိုက်ရင် ကိုဒီနိုင်ငံဟာ အင်မတန် မှ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်မယ် ဆိုတာ ကျနော်တို့ ငြင်းပယ်လို့မရပါဘူး။ စားနပ်ရိက္ခာ သားငါး စသည်ဖြင့် အလျှံပယ်ထွက်ပြီးတော့ ပိုလျှံလို့တောင်မှ ဝန်းကျင်နိုင်ငံတွေကိုပါ တင်ပို့နိုင်တဲ့ နိုင်ငံမျိုးအဖြစ်ကို ရောက်ရ မှာ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ ဒါတင်မကပါဘူး။

အဲဒီလိုချမ်းသာတဲ့ ဒီဒေသကြီးကို ခိုင်မာမြင့်မားပြီး လှပတဲ့ တောင်တန်းတွေကပါ ပတ်ပတ်လည် ဝန်းရံပြီး အထပ်ထပ် ကာကွယ်ထားပါသေးတယ်။ ဒီနိုင်ငံမှာ နေထိုင်ကြတဲ့ ဗမာ အပါအဝင် တိုင်းရင်းသား ညီ အစ်ကိုတွေရဲ့ လုံခြုံမှု အတွက်၊ ဒီ ဒေသ ရဲ့ အချုပ်အခြာ အာဏာတည်မြဲဖို့အတွက် တောင်တန်း ကြီးတွေကပါ အထပ်ထပ်ကာကွယ်ထားပါသေးတယ်။ ဒီ တောင် တန်း တွေမှာလည်း ပဲ မိမိတို့ရဲ့ ဒေသပြည်တွေမှာ အေးအေးချမ်းချမ်း၊ ဂုဏ်သိက္ခာရှိရှိ နဲ့ နေချင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေ၊ တောင်ပေါ်သား တွေနေထိုင်ကြပါတယ်။ ဒီတောင်တန်းတွေမှာလည်း ကမ္ဘာ ကပါ မနာလိုစရာ ကောင်း လောက်အောင် အဖိုးအန ထိုက်တန်တဲ့ သရံဇာတတွေ အလျှံပယ်ရှိပါသေးတယ်။ ဒါဆိုရင် ဒီနိုင်ငံဟာ အင်မတန် မှ ချမ်းသာ တဲ့၊ အင်မတန်မှ ငြိမ်းချမ်းတဲ့၊ အင်မတန်မှ နေချင့် စဖွယ်ကောင်းတဲ့ နိုင်ငံတခု ဧကန်မုတ်ချဖြစ်ရမှာပါ။   

ဒါပေမဲ့ နှစ်ပေါင်း ၆ဝ ကျော်အတွေ့အကြုံအရ ကျနော်တို့ ဒီနေ့ အဲဒီလို အခြေ အ နေ မျိုးကိုမရောက်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ။ အကြောင်းရင်း တွေရှိပါတယ်။ အင်မတန်မှ လေးနက်တဲ့၊ အင်မတန်မှ နက်ရှိုင်းတဲ့ အကြောင်းရင်းတွေရှိပါတယ်။ အဲဒီတော့ အကြောင်းရင်းကိုကျနော်တို့မပြောခင်မှာ ကျနော်မေးခွန်းထုတ်ချင်တယ်။ ဒီလိုသဘာဝပထဝီ အနေအထား အားဖြင့် ရရှိပိုင်ဆိုင်ထားကြတဲ့ ကောင်းခြင်း အဖြာဖြာနဲ့ ပြည့်စုံနေရဲ့သားနဲ့ ကျနော်တို့တတွေ ဘာဖြစ်လို့ ဆင်းရဲတွင်း နက်နေကြ ရတာ လဲ။ ငြိမ်းချမ်းရေးတွေ ဘာ ဖြစ်လို့ပျက်သုဉ်းနေရတာလဲ။ ကျနော်တို့ ဒီနိုင်ငံမှာ ရှိနေတဲ့ လူတွေ ဟာညံ့ဖျင်းလွန်းလို့လား။ အတွေး အခေါ်တွေ နိမ့်ကျနေလို့လား။ လူတွေကပဲ ထုံထိုင်း နေကြလို့လား။ အဲဒါမေးစရာရှိပါတယ်။ ကျနော့ အမြင်မှာ တော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကာလ အနိဌာရုံတွေကို ကျနော်တို့ ပြောခဲ့ပေါင်း လည်း မနဲ တော့ ဘူး။ ရေးခဲ့ကြပေါင်းလည်းမနဲတော့ပါဘူး။ ထပ်ပြီးတော့ ရေးမယ်ဆိုရင်လည်း မကုန်နိုင်မခန်းနိုင်၊ ပြောစရာတွေရေးစရာတွေ တပုံကြီးရှိနေပါသေးတယ်။ စာအုပ် ထုတ်မယ် ဆိုရင်လည်း အတွဲလိုက်အတွဲ လိုက် ထွက်လာဦးမှာဖြစ်တယ်။ အဲဒီတော့ ကျနော်ဒီနေ့ ကျနော် လေးစားတဲ့ ပရိတ်သတ်ကြီးကို ခုနကမေးထားတဲ့ မေးခွန်းကိုဖြေကြားဖို့ အတွက် ပင်လုံစီကို ကျနော် ခေါ်သွားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ငြိမ်းချမ်းရေးကိုပြန်လည်တည်ဆောက်မယ် ဆိုလို့ ရှိရင် အဲဒီ ပင်လုံ ကိုကျနော်တို့ မဖြတ်လို့ မရ ပါဘူး။ ပင်လုံကိုမဖြတ်ပဲ နဲ့ဘယ်လိုနည်းနဲ့မှ ကျနော်တို့ ငြိမ်းချမ်း ရေးကိုပြန်မရနိုင်ဘူး။ 

အတိတ်သမိုင်း က နှစ် ပေါင်း ၆ဝ ကျော် အနိတ်ဌာရုံ တွေကို ပြန်လည် သုံးသပ် တဲ့အခါမှာ ကျနော်တို့ ပင်လုံကို မေ့ထားလို့မရဘူး။ ဘာဖြစ် လို့ လည်းဆိုတော့ ပင်လုံမှာ ငြိမ်းချမ်းရေး ဆိုတာရှိတယ်။ ပင်လုံကိုပြန်ကြည့်တဲ့ အခါမှာ ကျနော်တို့ ချန်လှပ် ထားလို့မရတဲ့ အကြောင်း အရာတွေ အများ ကြီးတွေ့ ပါ လိမ့်မယ်။ ပင်လုံစာချုပ်ဆိုတာ စာရွက် ကလေး တရွက်ပါ။ စာမျက်နှာ တမျက် နှာပဲရှိပါတယ်။ သေးသေး လေးပါ။ အဲဒီထဲမှာ အကြောင်းအရာ တွေအများကြီးပါရှိပေမဲ့ ကျစ်ကျစ် လစ်လစ် ပြည့်ပြည့်စုံစုံရေး ထား ပါ တယ်။ ဒီပင်လုံစာချုပ်ဟာ သေးပင်သေးငြားသော် လည်း ငြိမ်းချမ်းပြီး ကြီးကျယ် ခန်းနားတဲ့၊ ကမ္ဘာကပါလေးစားလောက်တဲ့၊ ဂုဏ်သိက္ခရှိတဲ့ ပြည်ထောင်စုကြီး တခုကို တည်ဆောက် ဖို့အတွက်လုံလောက်တဲ့ ပြည်ထောင်စု အတွေးအခေါ်တွေ၊ နက်ရှိုင်းတဲ့ ဒီမိုကရေစီ သဘောတရားတွေ ပါရှိပါတယ်။ အကျဉ်းရုန်း ပြောရမယ်ဆိုရင်တော့ အချက် (၆)ချက်ပါရှိပါတယ်။ 

လွတ်လပ်ရေး အကြောင်း ပါပါတယ်။ တန်းတူမှု အကြောင်း ပါပါတယ်။ ပူးပေါင်းရေး အကြောင်းပါပါတယ်။ ခွဲထွက်ရေး မပါပါဘူး။ မယုံရင် ပင်လုံ စာချုပ်ကို ပြန်ဖတ်ကြည့်ကြပါ။ ဒီမိုကရေစီ ဆိုတာလည်းပါပါတယ်။ ကိုယ်ပိုင် ပြဌာန်း ပိုင်ခွင့် ဆိုတာ လည်း ပါ ပါ တယ်။ ဘဏ္ဍာရေး ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်လည်းပါပါတယ်။ ဒါပါပဲ သိပ်များများ စားစားမပါပါဘူး။ အဲဒီ ပင်လုံ ဟာ ဒီနေ့ ကျနော်တို့ နေထိုင်တဲ့ ပြည်ထောင်စုကြီး ရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်တယ်။ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ ဒီအခြေခံ အုတ်မြစ် ကို ကျနော်တို့ ပြန်လည်တူးဖေါ်ပြီးတော့ ဒီပေါ်မှာပြန်လည်မတည်ဆောက်တဲ့ ကာလပတ်လုံး ကျနော်တို့ ဘယ်လောက်ပဲ အပစ်ခတ် ရပ်စဲရေး တွေ လုပ်လုပ်၊ အတိတ်ကတခြား ဖြစ်ရပ်တွေကို ဘယ်လောက်ပဲ ပြန်လည် ဖေါ်ထုတ်ဖေါ်ထုတ်၊ ကျနော်တို့ ဘယ်သောအခါမှ ငြိမ်းချမ်းရေးကို ပြန်လည် တည် ဆောက် နိုင်မှာ မဟုတ်ပါ ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ပင်လုံကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်က တိုင်းရင်းသား ကိုယ် စားလှယ် တွေနဲ့ အပြန်အလှန် ညီလိုအစ်ကိုလို ဆွေးနွေးပြီးတော့၊ အပေး အယူတွေလုပ်ပြီးတော့၊ ဟုတ်ကဲ့ အပေး အယူ တွေလုပ်ခဲ့ ကြရပါတယ်၊ ဒီအပေး အယူ တွေ လုပ်ခဲ့ရ တာကိုပဲ တချို့ ကသွားပုတ်လေလွှင့် အမျိုးမျိုး ပြောသံကြား ဘူး ပါတယ်၊ ပင်လုံဟာ မကောင်းဘူး၊ အပေးအယူ လုပ်ခဲ့ရတယ်လို့ပြောကြပါတယ်။ အပေးအယူလုပ်တယ်ဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဗိုလ်ချုပ် အောင်ဆန်းက အပေးအယူ တွေ လုပ်ခဲ့ တယ်။ ဘာဖြစ်လို့ လုပ်ခဲ့တာလဲ။ 

ဒီလောက်သာယာတဲ့ နိုင်ငံ၊ အခုနကကျနော်တို့ပြောခဲ့တဲ့ ဧရာဝတီ မြစ် ကြီး စီးဆင်းနေတဲ့နိုင်ငံ၊ တောင်တန်းတွေနဲ့ ကာကွယ် ထားတဲ့ နိုင်ငံ၊ ဒီလောက်သာယာတဲ့ နိုင်ငံ၊ ဒီလောက် ချမ်းသာတဲ့ နိုင်ငံဟာ ခေါင်းဆောင်မှု မမှန်ကန် ညီညွတ်ရေး တွေ ပျက်ပြား သွားနိုင်တဲ့ အန္တရယ်တွေလည်းပြည့်နေပါတယ်၊ အထဲမှာ၊ အချိန်မရွေးပေါက်ကွဲ နိုင်တယ်၊ ထပြီးချနိုင်တယ်၊ လူသတ်ပွဲ တွေဖြစ်နိုင်တယ်၊ သွေးချောင်း တွေတွင် တွင် စီးသွားနိုင်တယ်၊ ဒါကို ဗိုလ်ချုပ်ကသိတယ်။ အဲဒီလို မဖြစ်ရအောင်၊ တသက် လုံး မ ဖြစ်ရအောင် ထာဝရ ငြိမ်းချမ်းနိုင်အောင်၊ သူချစ်တဲ့ ဗမာ လူမျိုးတွေရော၊ ကျနော်တို့တိုင်းရင်းသားတွေရော ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင် ထာဝရ ပေါင်းသင်း နေထိုင်နိုင်အောင်ဆိုပြီးတော့ ပင်လုံမှာ အခိုင်အမာ ငြိမ်းချမ်းရေးရဲ့ အုတ်မြစ် ကိုချခဲ့ပါတယ်။ အဲဒီတော့ ဒီနေ့ တချို့ကပြောတယ်၊ အင်္ဂလိပ်ကသွေးခွဲလို့ ပြည်တွင်း စစ်ဖြစ်ရ ပါ တယ် တဲ့။ နယ်ချဲ့ဘယ်မှာတုံး၊ နှစ်ပေါင်း ၆ဝ နယ်ချဲ့မရှိဘူး။ အင်္ဂလိပ်ထွက်သွားတာကြာလှပါပြီ၊ အဲဒါကိုပဲ အင်္ဂလိပ်ကိုလက်ညှိးငေါက်ငေါက် ထိုး နေတုံး ရှိသေးတယ်။ ပင်လုံကနေခွဲထွက် ခဲ့ကြတဲ့ ကိုယ့် အပစ်ကို မရှာဘူး။ ပင်လုံစာချုပ် ကိုဖတ် ကြည့်ကြ ပါ။ သေခြာပြန်လည်လေ့လာကြပါ။ ပြန်လည်ဖေါ်ထုတ်ကြပါ။ လူတွေက ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ် ဓါတ် ဆိုတာကို အလွယ်တကူပြောတတ်ကြတယ်၊ လေထဲမှာ ပြောတတ်ကြတယ်။ ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ လေထဲမှာမရှိဘူး။ ပင်လုံ ကိုအခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ သူ့အထဲမှာပါတဲ့ ဒီမိုကရေစီသဘောတရားတွေ၊ ပြည်ထောင်စုရဲ့ သဘော တရားတွေ ပင်လုံစာချုပ်ထဲမှာ အကုန် လုံးပါတယ်။ ဒါတွေကိုနှစ်နှစ်ကာကာ ယုံကြည်မှ ကျနော်တို့မှာ ပင်လုံစိတ်ဓါတ်၊ ဒီမိုကရေစီ စိတ်ဓါတ်၊ ဖက်ဒရယ် စိတ်ဓါတ်ဆိုတာ ကျနော်တို့ နှလုံးသားထဲမှာ အခိုင်အမာ အမြစ်တွယ်လာမှာ ဖြစ်တယ်။ ဒီတော့လေထဲမှာ စကားလုံး သက်သက်နဲ့ ဖေါင်လောက် အောင် ပြောနေ လို့ဖြစ်လာ မှာ မဟုတ် ပါဘူး။
ဒီနေ့ပြန်ကြည့်လို့ရှိရင်ကျနော်တို့ ပြည်ထောင်စုကိုဖေါ်ဆောင်တဲ့နေရာမှာ နှစ်ပေါင်း ၆ဝ ကာလမှာ ဘယ် လို ဖေါ်ဆောင်ခဲ့ကြသလဲ။  ခုနက ကိုမင်းကိုနိုင်ပြောသလို ကြက်တွေငှက်တွေကစ သူတို့ ကချင်ပြည်ကို  ရောက်သွားတော့ဝမ်းသာကြတယ်ဆိုသလိုပဲ၊ ဗမာတပ်လာပြီ ဆိုတာနဲ့ ကြက်တွေငှက်တွေကစ ပြေးရ တော့မယ် ဆိုတာသိတယ်၊ ဒီတော့ ပြည်ထောင်စု ကို အကြောက်တရားနဲ့တည်ဆောက်ခဲ့တာပဲ။ တိရိစ္ဆာန် တွေ ကတောင်သိနေတယ်။ သိတယ်၊ ဗမာတပ်လာတာနဲ့ ဘာတွေဖြစ်တော့မယ်ဆိုတာ သိနေကြတယ်။ ပြည်ထောင်စုကြီးကို ဒီလိုတည်ဆောက်လို့မရပါဘူး။ 

ဟောတခါ ကျနော်သဘောကျတာ က သိန်းပေါင်း ၃ဝ လောက်တန်တဲ့ ဗုံးတွေ ကျဲသတဲ့။ သိန်းပေါင်း သောင်း နဲ့ ချီပြီးကုန်သတဲ့။ ကချင်ပြည်မှာ။ ဒီတော့ နှစ်ပေါင်း ၆ဝ နဲ့ တွက် လိုက်လို့ ရှိရင် ငွေတွေဟာ မီလျံ၊ ဘီလျံ၊ ထြီလျံလောက် မကကုန်သွားပါပြီ။ ဒါပေမဲ့ ပြည်ထောင်စုကြီး ကို အောင် အောင် မြင်မြင်နဲ့ထူထောင် နိုင်ခဲ့ သလား။ လူတွေလည်း သောက်သောက်လဲသေခဲ့ကြရတယ်။ တိုင်းပြည်ရဲ့ သားကောင်း ရတနာ တွေလည်း အလဟသ ဆုံးရှုံးခဲ့ ကြရပါတယ်။ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးမှု ကလည်း သောက် သောက် လဲပါပဲ။ မရပါဘူး။ ချမ်းသာတဲ့ ငြိမ်းချမ်းတဲ့၊ စည်းလုံး တဲ့ပြည်ထောင်စုကြီး မပေါ်ထွန်း ခဲ့ပါဘူး။

ကျနော်တို့ဒီနေ့ ပင်လုံ ကိုပြန်သွားကြရအောင်ပါ။ အားလုံးကို ပင်လုံဆီ ကိုဖိတ်ခေါ်ချင်တယ်။ အလေး အနက် ဖိတ်ခေါ်ချင်တယ်။ ပင်လုံမှာ ဘာရှိသလဲ။ ပင်လုံမှာ ငြိမ်းချမ်းရေးရှိပါတယ်။ ပင်လုံမှာ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှုတွေရှိပါတယ်။ ပင်လုံမှာ အပြန်အလှန်ယုံကြည်မှုတွေရှိပါတယ်။ ပင်လုံမှာ အပြန်အလှန် လေးစားမှု တွေ ရှိပါတယ်။ ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်း ကသေနပ်တချက်မဖေါက်ပဲ၊ သွေးမြေ တစက် မကျပဲ ခေတ်သစ်ပြည်ထောင်စုကြီးကို အောင်အောင်မြင်မြင် အုတ်မြစ်ချပြီး ထူထောင်နိုင်ခဲ့ပါတယ်။
ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသွားခဲ့တဲ့စကားလေးတခုကိုကျနော်အားနာပါးနာနဲ့ နဲနဲလေး ဖတ်ပြ ချင်ပါ တယ်။ အားနာပါးနာလို့ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကရိုင်းရိုင်းလေးပြောခဲ့တဲ့စကားမို့ပါ။ အားလုံး က လည်း စကားလေးကိုတော့ မှတ်မိကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဖြစ်မယ် ဆိုတာ ကိုမမှတ်မိကြဘူး။ မေ့နေကြတယ်။ ဗိုလ်ချုပ်ပြောသွားတာက “တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထု ညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရက လုပ်လုပ်၊ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့ မျက်နှာချိုသွေးရ နဲ့ ဖါ သယ် လို နိုင်ငံမျိုးဖြစ်နေမှာဖြစ်ပါတယ်၊ ကျုပ်ပြောချင်တယ်။” ဘာကြောင့် ဖာသယ်လိုနိုင်ငံမျိုးဖြစ်မှာလဲ။ ဘယ်လိုဆိုရင်ဖြစ်မှာလဲ။ မညီညွတ်ရင် ဖြစ်မှာ၊ ဒီတော့ ဘယ်လိုဆိုရင် ညီညွတ်ရေးတွေပျက်ပြားမှာလဲ။ ပင်လုံကိုသစ္စာဖေါက်ရင် ညီညွတ်ရေးတွေ ပျက်ပြားမယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကိုသစ္စ ဖေါက်ရင် မညီ မညွတ် တွေဖြစ်လာမယ်။ ဖါသယ် နိုင်ငံ လိုဖြစ်သွားမယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်ပြီးတော့ ဟော ကိန်း ထုတ်ထားခဲ့တယ်။ 

ဒီနေ့ကျနော်တို့ ကြုံတွေ့နေရတဲ့ပြဿနာတွေ ဒုက္ခ၊ သုက္ခ တွေ အကုန်လုံးကြုံကြရမယ်ဆိုတာ ကို သူ ကြိုတင် ပြီးတော့ သိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို visionary တယောက်၊ အဝေးကြီးကို တမျှော်တခေါ် မြင်နိုင်တဲ့ ခေါင်းဆောင် မျိုးဆိုတာ လူမျိုးတမျိုးမှာ နှစ်ပေါင်း တထောင်မှာ တယောက်ပဲ ပေါ်ထွန်း လေ့ ရှိပါ တယ်။ အင်မတန်မှ ရှားပါးတဲ့ခေါင်းဆောင်မျိုးဖြစ်ပါတယ်။ အာရှတခွင်မှာလည်းသူလို ပုဂိုလ် မျိုးမရှိပါဘူး။ ကမ္ဘာ မှာလည်း အင်မတန်ရှားပါးပါတယ်။ ဒါကိုကျနော်တို့မေ့ထားလို့မရပါဘူး။ 

ဒီတော့ကျနော် အနေနဲ့ ဒီနေ့ အားလုံး (အားလုံး) ကို ပင်လုံမှာပဲပြန်လည်ဆုံတွေ့ကြပါစို့လို့ အလေး အနက် ဖိတ်ခေါ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဆလိုင်းကစ်(ပ်)ခိုလျန်။

0 comments:

Post a Comment