Saturday, August 25, 2012

အစိမ်းရောင်ပန်းဂေါ်ဖီ

အဆုပ်ရောဂါကာကွယ်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးသင့်

အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးခြင်းသည် အဆုတ်အတွက် အထောက်အကူပြုကြောင်းသိရှိရသည်။
နောက်ဆုံးတွေ့ရှိသော သုတေသနရလဒ်များအရ အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ခံနိုင်ရည်အားကို တိုးမြှင့်ပေးသည်ဟု ဖော်ပြလျက်ရှိသည်။

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက်အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ်ရောဂါများဖြစ်ပွားပြီး သေဆုံးလျက်ရှိနေသည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ်အတွင်းရှိ ရောဂါကာကွယ်သောဆဲလ်များကို ပိုမိုလှုပ်ရှားအသက်ဝင်စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာပါရှိသည်။

NRF2ဟုခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွားစေနိုင်သော ပမာဏကို လျော့ကျစေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြထားမှုအရ အဆုတ်တွင်းညစ်ညမ်းမှုများနှင့် အဆုတ်ကင်ဆာရောဂါများအား ကာကွယ်နိုင်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီအား များများစားသုံးရန် တိုက်တွန်းထားကြောင်း ပါရှိသည်။

သိပ္ပံပညာရှင်များအနေနှင့် အစိမ်းရောင်ပန်းဂေါ်ဖီဖြင့် အဆုတ်ရောဂါများ၏ ခြိမ်းခြောက်လာမှုအား တွန်းလှန်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။ ဗြိတိန်နိုင်ငံ အဆုတ်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုတွေ့ရှိမှုမှာ အလွန်အရေးပါသော စွမ်းဆောင်မှုတစ်ခုဟု ပြောဆိုသွားသည်။

၎င်းက အစိမ်းရောင်ပန်းဂေါ်ဖီတွင် လူသားတို့၏ကျန်းမာရေးအား အထောက်အကူပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယသိရှိပြီးဖြစ်သော်လည်း အဆုပ်ရောဂါများအတွက် အလွန်အစွမ်းထက်သည့် အခြေအနေတစ်ရပ် ဖန်တီးနိုင်မည်ဟု သဘောမပေါက်ခဲ့ကြောင်းပြောကြားသွားသည်။ Source: BBC



ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သားကင်ဆာကို ဟန့်တားနိုင်

ပန်းဂေါ်ဖီစိမ်း (Broccoli) မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုဖြစ်စေတဲ့ အဓိကဆဲလ်တွေကို ဟန့်တားနိုင်ကြောင်း အမေရိကန် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကင်ဆာစတမ်းဆဲလ်တွေ (Cancer Stemcells) ဟာ အရေအတွက်နည်းပေမယ့် ကင်ဆာပြန်ဖြစ်တာနဲ့ ပျံ့နှံ့တာအတွက် အဓိကသော့ချက် ဖြစ်ပါတယ်။ မီချီဂန် တက္ကသိုလ်မှ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ Sulforaphane လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ ကင်ဆာကျိတ်အသစ်တွေ ဖြစ်ပေါ်မှုကို တားဆီးထားပြီး ကင်ဆာစတမ်းဆဲလ်တွေကို သတ်ပစ်တာ တွေ့ရှိခဲ့တယ်။ Sulforaphane ဟာ ကင်ဆာရောဂါအပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို အရင်ကတည်းက သိပြီးသားပါ။

ဒါပေမယ့်အခုသုတေသနကSulforaphaneရဲ့ရင်သားကင်ဆာစတမ်းဆဲလ်တွေကိုဆန့်ကျင်နိုင်တဲ့အာနိသင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Sulforaphane တွေဟာ အဓိကကျတဲ့ ကင်ဆာစတမ်းဆဲလ်တွေကို ဦးတည်တိုက်ခိုက်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်မယ် ဒါမှမဟုတ် ကုသနိုင်မယ်လို့ သုတေသီခေါင်းဆောင် Duxin Sun က ဆိုပါတယ်။

သုတေသီတွေက ရင်သားကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို ပန်းဂေါ်ဖီစိမ်းမှ ထုတ်ထားတဲ့ Sulforaphane ဒြပ်ပေါင်းတွေ ထိုးသွင်းခဲ့ရာ သာမန်ဆဲလ်တွေအပေါ်မှာ အာနိသင် နည်းနည်းလေးသာရှိပြီး ကင်ဆာဆဲလ်တွေကိုသာ သိသိသာသာ လျော့ကျသွားစေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ကင်ဆာကျိတ်အသစ်တွေလည်း ထပ်မံမဖြစ်ပေါ်နိုင်တော့ တာကို တွေ့ရှိခဲ့ကြပါတယ်။
Ref : Good Health


မှတ်ဉာဏ် ထက်သန်စေချင်လျှင် ပန်းမုန်လာစိမ်းကို စားပါ
တချို့သော အသီးနှင့်ဟင်းသီး ဟင်းရွက်များ စားသုံးခြင်းဖြင့် လူတို့၏ မှတ်ဉာဏ်ကို မြင့်မားစေနိုင်ကြောင်း တွေ့ရှိရသည်ဟု ဗြိတိသျှသုတေသီများက ထုတ်ဖော် ပြောကြားလိုက်သည်။

အဆိုပါ တွေ့ရှိချက်သည် အယ်လ်ဇိုင်းမား ရောဂါကာကွယ်ရေးနှင့် ကုသရေးသီအိုရီများကို သိပ္ပံနည်းကျ အထောက်အကူ ဖြစ်စေပြီး အကျိုးကျေးဇူး လွန်စွာ ရှိစေသည်ဟု ဗြိတိသျှတော်ဝင် ဆေးဝါးအဖွဲ့ကြီးက ပြောဆိုသည်။

ပန်းမုန်လာစိမ်း (Broccoli) အာလူး၊ လိမ္မော်သီး၊ ပန်းသီးနှင့် မုန်လာဥများတွင် တွေ့ရှိရသော ဓာတ်တစ်မျိုးသည် ထိုရောဂါကုသ ဆေးဝါးများတွင်ပါဝင်သော ဓာတုပစ္စည်းများနှင့် အာနိသင်တူညီပြီး ပန်းမုန်လာစိမ်း (Broccoli) တွင် အများဆုံးတွေ့ရသည်ဟု အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင် ကျင်းပသည့် ဗြိတိသျှဆေးဝါးကွန်ဖရင့်တွင် လန်ဒန်တက္ကသိုလ် လက်အောက်ခံ ဘုရင့်ကောလိပ် King's Collegeမှ တင်သွင်းသော စာတမ်းတွင် ဖော်ပြပါရှိသည်။

သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားလေ့ရှိသော အယ်လ်ဇိုင်းမားရောဂါမှာ မှတ်ဉာဏ်ကို လျော့နည်းစေပြီး ထိရောက်သော ကုသမှုဆေးဝါးမရှိသေးပေ။ အဆိုပါရောဂါသည် ဦးနှောက်ရှိ အတွေးစိတ်ကူး မှတ်ဉာဏ်နှင့် ဘာသာစကား မှတ်သားရာနေရာတို့ကို ပျက်စီးစေပြီး နိစ္စဓူဝအလုပ်များကိုပင် ထိခိုက်စေသည်။ အဆိုပါရောဂါတွင် နာဗ့်ကြောချင်းဆက်သွယ်မှု အင်ဇိုင်းအားဖျက်ဆီးသည့် ACTH အာနိသင်ကို တားဆီးနိုင်သော ဓာတုပစ္စည်းပုံစံမျိုးသည် အချို့ ဟင်းသီး ဟင်းရွက်များတွင်ပါဝင်သည်ဟု ယေဘုယျအားဖြင့် ယခင်က သိကြသော်လည်း တိတိကျကျ လေ့လာမှုဟူ၍ မရှိခဲ့ပေ။

လန်ဒန်ဘုရင့်ကောလိပ်မှ တင်သွင်းသော ယခုစာတမ်းမူ အဆိုပါ ဓာတ်အာနိသင်သည် အထက်ပါ အသီးနှင့်ဟင်းသီးဟင်းရွက် ၅မျိုးတွင ပါဝင်ကြောင်း တိကျသေချာစွာ ဖော်ပြခြင်း ဖြစ်သည်။အဆိုပါ ဓာတ်ပစ္စည်းသည် ပန်းမုန်လာစိမ်း (Broccoli) တွင် အများဆုံးပါဝင်ပြီး မည်သည့်ဓာတ်ဆိုသည်ကို ဖော်ထုတ်ရန်အတွက် ဆက်လက်၍ သုတေသနပြုမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပစ္စည်းမှာ ဂေါ်ဖီထုပ်အုပ်စုဝင် အသီးအနှံများတွင် တွေ့ရတတ်သော ဂလူကိုဆီနိုလိတ် ဓာတ်ပစ္စည်း ဖြစ်နိုင်ဖွယ်ရှိသည်။

Ref: The Star ( from: အခွင့်အလန်းဂျာနယ်မှ )

0 comments:

Post a Comment