Wednesday, August 1, 2012

ကြက်သွန်ဖြူ & ကျန်းမာခြင်း

သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်က အာရှတိုက် အလယ်ပိုင်းမှာပဲ ပေါက်ရောက်ခဲ့တဲ့ ကြက်သွန်ဖြူဟာ အခုဆိုရင်တော့ ကမ္ဘာ့ အသုံးတွင်ကျယ်ဆုံး ဟင်းခတ် အမွှွှေးအကြိုင်များထဲက တစ်ခုဖြစ်နေပါပြီ။ ကြက်သွန်ဖြူကို မီးဖိုချောင်သုံး အနေနဲ့ သာမက ဆေးဖက်ဝင် အပင်အနေနဲ့ အီဂျစ်လူမျိုးများက စတင်သုံးစွဲ ခဲ့တယ်လို့ သမိုင်း မှတ်တမ်းများအရ သိရပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဖက် အလွန်ဝင်ကြောင်း ရှေးဟောင်း မြန်မာ့ တိုင်းရင်းဆေးကျမ်း များမှာလည်း ပါရှိပါတယ်။ ၎င်းကို သိပ္ပံနည်းကျ လက်တွေ့ဓာတ်ခွဲပြီး သုတေသနများစွာ လုပ်ကြည့်တဲ့အခါမှာ အောက်ပါ အာနိသင်များ ရှိကြောင်း တွေ့ရပါတယ်။

(၁) မကောင်းသော ကိုလက်စထရော လျှော့ချပေးခြင်း

လေ့လာမှု အချို့အရ ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏ (Total Ch***sterol) ကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ ဒါဟာ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးရာ ရောက်ပါတယ်။

(၂) သွေးကြောမာခဲပိတ် ရောဂါကို ကာကွယ်ပေးခြင်း

အသက်အရွယ် ရလာခြင်း၊ သွေးတိုးရောဂါကို စနစ်တကျ ကုသမှုမရှိခြင်း၊ သွေးတိုးရောဂါ ရှိနေမှန်း မသိခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် သွေးထဲက အဆီတွေ သွေးကြောနံရံမှာ အနည်ကျလာကာ သွေးကြောနံရံ ပိတ်လာခြင်း ရောဂါ (Arthrosclerosis) ကို ကြက်သွန်ဖြူက တားဆီးပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Ajoene ဒြပ်ပေါင်းဟာ သွေးခဲဖြစ်ပေါ် ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်။

(၃) သွေးတိုးရောဂါကို အထောက်အကူပြုခြင်း

ကြက်သွန်ဖြူဟာ သွေးကြောတွေ ကျုံ့ပြီး သွေးပေါင်တက်စေတဲ့ Angiotensin II ဆိုတဲ့ အဲန်ဇိုင်းရဲ့ အာနိသင်ကို ပိတ်ဆို့ပြီး သွေးပေါင် တက်နေခြင်းကို ထိန်းညှိလျှော့ချနိုင်စွမ်း ရှိသလို ဆာလဖာ (ကန့်) ပါဝင်သော Polysulfides ဒြပ်ပေါင်းများက သွေးကြောများကို ကျယ်စေကာ သွေးပေါင်ကို သဘာဝအတိုင်း ချပေးနိုင်တဲ့ သတ္တိရှိတာ တွေ့ရပါတယ်။ ဒါဟာ ACEI အုပ်စုဝင် သွေးတိုးကျဆေးများ (ဥပမာ- Enam, BQL- 5 စသည်) တို့လို အာနိသင် အပျော့စားရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် သွေးကျဆေးအဖြစ် သုံးစွဲနိုင်လောက်တဲ့ အထိတော့ ချက်ချင်းလက်ငင်း အစွမ်းမထက်ပါဘူး။ ပုံမှန် စားသုံးပေးသွားရင် သွေးပေါင်ချိန်ကို ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ကျစေလို့ သွေးတိုးရောဂါ ရှိသူများ အထောက်အကူ အနေနဲ့တော့ စားသုံးနိုင်ပါတယ်။

(၄) ဓာတ်တိုးဆန့်ကျင်သတ္တိနှင့် နှလုံးသွေးကြော ကာကွယ်သော သတ္တိရှိခြင်း

ဗိုက်တာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် အမျိုးအစားဖြစ်ပြီး လူ့ခန္ဓာကိုယ် ရေဓာတ်ရှိတဲ့ နေရာတိုင်းမှာ ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အိုမင်းခြင်းနဲ့ ကင်ဆာဆဲလ်များ ပြောင်းသွားခြင်းကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။

ကြက်သွန်ဖြူဟာ ဗိုက်တာမင်စီနဲ့ ဆယ်လီနီယမ် (Selenium) သတ္တုဓာတ်တို့လိုမျိုး အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Powerful Antioxidants) ပါဝင်တဲ့ သဘာဝ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ (ဆယ်လီနီယမ်ဟာ ဗိုက်တာမင်အီးနဲ့ ဓာတ်တိုးဆန့်ကျင် အဲန်ဇိုင်းများရဲ့ လုပ်ငန်းဆောင်တာမှာ မရှိမဖြစ် လိုအပ်တဲ့ တွဲဖက်ပစ္စည်း ဖြစ်ပါတယ်)။ ဗိုက်တာမင်စီကြောင့် ကြက်သွန်ဖြူဟာ သွေးထဲမှာ LDL ခေါ် မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးပြီး သွေးကြောနံရံမှာ အနည်ကျကာ သွေးကြောကျဉ်းရောဂါ (Arthrosclerosis) ဖြစ်လာခြင်းကို ကာကွယ်နိုင်သလို ဗိုက်တာမင် B6 ပါဝင်ခြင်းကြောင့် သွေးကြောနဲ့ နှလုံးနံရံတွေကို ပျက်စီးစေတဲ့ ဟိုမိုစစ်စတင်း (H***cysteine) ခေါ် ဒြပ်ပေါင်းပမာဏကို လျှော့ချပေးခြင်း၊ မန်ဂနိ (Manganese) သတ္တုဓာတ် ကြွယ်ဝခြင်းကြောင့် ၎င်းချို့တဲ့ရင် ဖြစ်လာတတ်တဲ့ ကောင်းသော ကိုလက်စထရော HDL ပမာဏ ကျဆင်းခြင်းကို ကာကွယ်ခြင်းဖြင့်လည်း နှလုံးသွေးကြောများ ကျန်းမာရေးကို အဘက်ဘက်က အထောက်အကူ ပြုလျက် ရှိပါတယ်။

(၅) ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခြင်း

ကြက်သွန်ဖြူရဲ့ အဓိက ပါဝင်ဖက် ပစ္စည်းများဖြစ်တဲ့ Diallyl Slufide,Thiacremonone တို့ဟာ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ် ကြွက်သားတွေ ရောင်ရမ်းနာကျင်ခြင်း၊ ဓာတ်မတည့်ခြင်း (Allergic Reaction) တွေကို လျော့ကျစေဖို့ အထောက်အကူ ပြုသလို ဓာတ်မတည့် လေပြွန်ရောင်ရမ်းခြင်း ဖြစ်တဲ့ ပန်းနာရင်ကျပ် ဝေဒနာများအတွက် သိသိသာသာ အထောက်အကူ ဖြစ်ကြောင်း သုတေသန ပြုလုပ်တွေ့ရှိ ရပါတယ်။

(၆) ရောဂါပိုးများကို နိုင်နင်းခြင်း

ကြက်သွန်ဖြူထဲမှာ ပါတဲ့ Ajoene ဒြပ်ပေါင်းနဲ့ အခြား ဆာလဖာ ပါဝင်သော ဒြပ်ပေါင်းများကြောင့် မှက္ခရုရောဂါနဲ့ ယားနာအချို့ကို ဖြစ်စေသော Candida albicans မှိုပိုးများကို ကာကွယ်နိုင်ကြောင်း၊ အလွယ်နည်းအားဖြင့် ယားနာတွေကို ကြက်သွန်ဖြူ ထုချေထားတဲ့ အရည်နဲ့ ပွတ်လိမ်းကာ ကုသလို့ရပြီး ဆက်မပျံ့အောင်လည်း ကာကွယ်နိုင်ကြောင်း၊ အပူလောင်၊ မီးလောင်ဒဏ်ရာတွေ ရရှိထားတဲ့ အရေပြားကို အင်မတန် အန္တရာယ်ကြီးတဲ့၊ မီးလောင်ဒဏ်ရာနဲ့ မသေဘဲ ငန်းဖမ်း (Septicemia) လို့ သေစေနိုင်တဲ့ Pseudomonas aeruginosa ပိုး ဝင်ရောက် ပေါက်ပွားခြင်းကို တားဆီးပေးနိုင်ကြောင်း လက်တွေ့စမ်းသပ် တွေ့ရှိရပါတယ်။ (ကြက်သွန်ဖြူကတော့ လုံးဝ သန့်နေစေဖို့ လိုပါတယ်) ဒါ့အပြင်အစာအိမ် အူလမ်းကြောင်း အနာတွေကို ဖြစ်စေတဲ့ H.pylori ပိုးနဲ့ အခြားသောပိုးများ၊ ဗိုင်းရပ်စ်များ အပေါ်လည်း နိုင်နင်းမှု ရှိတယ်လို့ တွေ့ရပါတယ်။ ဒီအချက်တွေဟာ ကြက်သွန်ဖြူကနေ ပဋိဇီဝဆေး၊ ဗိုင်းရပ်စ်သတ်ဆေး ပေါ်လာနိုင်ကြောင်း တင်ပြတာဖြစ်ပြီး တကယ် သေရေးရှင်ရေး အရေးကြီးနေတဲ့ လူနာများမှာ လိုအပ်တဲ့ဒြပ်ပေါင်း အနှစ်တွေစုပြီး ထုတ်ထားတဲ့ ဆေးကဲ့သို့ သဘာဝဓာတ်စာများက မစွမ်းနိုင်ကြောင်း၊ အထောက်အကူသာ ဖြစ်စေနိုင်ကြောင်း သတိချပ်စေ လိုပါတယ်။

(၇) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း

ကင်ဆာရောဂါ ကင်းဝေဖို့ အဓိက အချက်တစ်ချက် အနေနဲ့ ခန္ဓာကိုယ်က ဆဲလ်တွေ အစီအစဉ်တကျ သေဆုံးဖယ်ရှားခြင်း (Apoptosis) ဖြစ်စဉ် သဘာဝအတိုင်း မှန်နေဖို့ လိုပါတယ်။ ဒီဖြစ်စဉ်မှာ အဓိကပါဝင်တဲ့ ကိုယ်တွင်း ဓာတုပစ္စည်းများကို ကြက်သွန်ဖြူရဲ့ ဒြပ်ပေါင်းတွေက ကူညီနှိုးဆော် ပေးတဲ့အတွက် ကင်ဆာရောဂါကို ထိထိရောက်ရောက် ကာကွယ်ရာ ရောက်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်ကတော့ အပူချိန်မြင့်မြင့် ကင်ထားတဲ့၊ ချက်ထားတဲ့ အသားတွေမှာ Heterocyclic Amines (HCAs) ခေါ် ဓာတုပစ္စည်းတွေ ထွက်ပါတယ်။ HCAs တွေကနေ ကိုယ်ထဲမှာ DNA ကို ဖျက်ဆီးနိုင်သော ဒြပ်ပေါင်းများ အဖြစ် ပြောင်းလဲကာ ကင်ဆာ ဖြစ်စေပါတယ်။ ကြက်သွန်ဖြူက ဒီဖြစ်စဉ်ကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ တားပေးနိုင်တာ တွေ့ရလို့ အသားကင်စားရင် ကြက်သွန်ဖြူ ထည့်စားသင့်ပါတယ်။

(၈) သံဓာတ်ဇီဝ ဖြစ်ပျက်မှုကို ကောင်းမွန်စေခြင်း

ခန္ဓာကိုယ် သွေးနီဆဲလ်များရဲ့ အဓိက ပါဝင်ဖက်ဖြစ်ပြီး အသက်ရှင်ရေးအတွက် မရှိမဖြစ် သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ရဲ့ ဇီဝဖြစ်ပျက်မှု (Iron Metabolism) မှာ အရေးကြီးသော် ferroportin ထွက်ဖို့ အားပေးပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်များ မျှတညီညွတ်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။

(၉) ကိုယ်ခံအားကို ကောင်းမွန်စေခြင်း

ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို အထူး အကျိုးပြုပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်ဥ သုံးဥ စားသွားရုံနဲ့ အအေးမိရောဂါ ဖြစ်ပွားနှုန်း နည်းပါးသွားကြောင်း သုတေသနများအရ အတည်ပြုနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ကြက်သွန်ဖြူရဲ့ သိသာထင်ရှားတဲ့ ပြဿနာကတော့ ကြက်သွန်ဖြူနံ့ နံခြင်း ဖြစ်ပါတယ်။ စားထားထားချင်း ပါးစပ်က နံသလို ကြက်သွန်ဖြူကို စွဲမြဲစွာ မှီဝဲစားသုံးသူများရဲ့ ချွေးနံ့ဟာလည်း စူးရှလာတတ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ ကျန်းမာရေး အာနိသင်တွေကို ဒီလို အနံ့မထွက်ဘဲ ရယူလို့ရတဲ့ နည်းလမ်း မရှိတော့ဘူးလားလို့ မေးရင်တော့ ရှိပါတယ်။

အနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေကိုပဲ ရွေးဖယ်ထားတဲ့ Deodorized Garlic Extract ပါဝင်တဲ့ GNC Women’s Ultra Mega ခေါ် ဖြည့်စွက်အားဆေး ဈေးကွက်ထဲမှာ ရှိနေပါပြီ။

ဒါကတော့ အစွမ်းထက် ဆေးပင်များစွာ ပါဝင်တဲ့ အမျိုးသမီး ဖြည့်စွက်စာသာ ဖြစ်လို့ အမျိုးသားတွေက Deodorized Garlic လိုချင်ရင် အခြားဆေး ရှာနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ ကြက်သွန်ဖြူ များများစားရင် ရင်ပူခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်းတို့ ခံစားရတာပါပဲ။


By The Voice Weekly




ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ဆီးလမ်းကြောင်းပိုးဝင်မှု သက်သာ စေခြင်း
ခရမ်ဘယ်ရီဖျော်ရည်ကသာဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာ စေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။
ကင်ဆာရောဂါ သက်သာစေခြင်း
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူ အစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ် စဉ်းပြီး ၁၀ မိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက် ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။

အရွယ်တင်ရုပ်နုပျိုစေခြင်း
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ A1- licin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊ အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါး စေပါတယ်။

အအေးမိရောဂါသက်သာစေခြင်း
နှာချေခြင်း၊ နှာပိတ်ခြင်းလို အအေးမိ ရောဂါရဲ့ အစပျိုးလက္ခဏာတွေ ခံစားရတဲ့ အခါမှာ ကြက်သွန်ဖြူကို အသုံးပြု နိုင်ပါတယ်။ အခွံမခွာရသေးတဲ့ ကြက်သွန်ဖြူ နှစ်မြွှာကို ၂၅ စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲထည့်ပြီး အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီးစားပါ။ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုး ဝင်မှုကို တွန်းလှန်နိုင်ပါတယ်။

ခြေထောက်ယားယံမှုကင်းဝေးစေခြင်း
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူကို ရေနွေးထဲထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး တစ်လုံးထဲ ထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက် စိမ်ပေးရင် ခြေထောက်ယားယံတာ သက်သာစေပါတယ်။

Ref: Good Health



ကြက်သွန်ဖြူကြောင့် ပါးစပ်အနံ့ပျောက်အောင် နွားနို့သောက်ပါ


ကြက်သွန်ဖြူစားအပြီးမှာ ပါးစပ်အနံ့ထွက်တာကို နွားနို့သောက်ပေးရင် သက်သာ စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်ရာမှာ ချက်ပြီးသား ကြက်သွန်ဖြူနဲ့ အစိမ်းစား ကြက်သွန်ဖြူတို့ပါဝင်ပြီး နွားနို့ဟာ ကြက်သွန်ဖြူမှာပါဝင်တဲ့ အနံ့ထွက်စေတဲ့ ဆာလ်ဖာဒြပ်ပေါင်းအဆင့်ကို သိသိသာသာ လျှော့ချနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ကြက်သွန်ဖြူစားနေစဉ်မှာ နွားနို့သောက်ရင် ပိုမိုထိရောက်မှုရှိပြီး မလိုင်အပြည့်ပါဝင်တဲ့ နို့ဟာ မလိုင်ထုတ်ထားတဲ့ နွားနို့ထက် ပိုပြီးအနံ့ပျောက်ကင်းတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allyl Methyl Sulphide (AMS) ဟာ အစာအိမ်အတွင်းမှာ မဖြိုခွဲနိုင်တဲ့အတွက် အသက်ရှူရာနဲ့ ချွေးထွက်ရာမှာ ခန္ဓာကိုယ်ပြင်ပကို ထွက်သွားပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းတွေရဲ့အရသာကို ကောင်းမွန်စေပြီး ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့အတွက် မစားမဖြစ် စားရမယ့်အစာဖြစ်ပြီး အနံ့အသက်ပျောက်ကင်းအောင် ရေနဲ့နွားနို့ သောက်ပေးရပါမယ်။ မှို၊ ပင်စိမ်းနဲ့ ရိုးရိုးရေတွေဟာလည်း ကြက်သွန်ဖြူရဲ့ အနံ့အသက်ကို ပျောက်ကင်းစေနိုင်ပါတယ်။

Ref: Good Health


ယခုခေတ် ဆေးကုသရာတွင် ဆက်လက်အသုံးပြုနေသော ရှေးခေတ်မှ ဆေးဖက်ဝင် အသီးအရွက်များ

ကြက်သွန်နီ
ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။
ကြက်သွန်နီဟာ အားကစားသမားတွေကို လုပ်ဆောင်ချက် ကောင်းအောင်ကူညီ နိုင်တယ်လို့လည်း ယုံကြည်ကြပြီး ရှေးခေတ်ဂရိအိုလံပစ် ကစားသမားတွေဟာ အားကစားပြိုင်ပွဲ မယှဉ်ပြိုင်ခင် အချိန်မှာ ကြက်သွန်နီကို ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး ကြက်သွန်နီအရည်ကို သောက်သွားကြပါတယ်။ သုတေသနပြုသူတွေက လေ့လာမှု အသစ်တွေ အများအပြားပြုလုပ်ပြီး ရှေးခေတ်က ကြက်သွန်နီ အသုံးပြုတာကို ထောက်ခံမှုပေး ကြပါတယ်။
ကြက်သွန်နီမှ အနံ့ထွက်စေတဲ့ Thiosulfinates တွေဟာ ဆီးချိုရောဂါ လက္ခဏာကို သက်သာစေပြီး နှလုံးကြော ရောဂါမှ ကာကွယ်နိုင်ပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ Flavonoid Quercetin ဟာလည်း ဓာတ်မတည့်မှုနဲ့ ပတ်သက်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်နိုင်ပြီး အစာအိမ်၊ အူမကြီး၊ အစာမျိုပြွန်နဲ့ သားမြတ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ၂၀၀၉ ခုနှစ် International Journal of Sports Nutrition အရ အနှစ်ဟာ ခံနိုင်ရည်ရှိမှု မြင့်မားတယ်လို့ သိရပါတယ်။

အကျိုးကျေးဇူးရအောင်
ကြက်သွန်နီဟာ ပန်းသီးထက်ကို ဆရာဝန်တွေ ခေါ်ဖို့ မလိုအပ်အောင် အစွမ်း ထက်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြက်သွန်နီမှာ ပါဝင်တဲ့ quercetin ကို ပန်းသီးမှ ရတဲ့ quercetin ထက် သုံးဆပိုပြီး စုပ်ယူနိုင်ပါတယ်။ Thiosulfinates အများဆုံး ရရှိအောင် အနီအောင် ဒါမှမဟုတ် အဝါရောင် ကြက်သွန်နီကို ရွေးချယ်ပါ။ အရောင်စုံလေ ပိုကောင်းလေပါ။
“အပူချိန်ကြောင့် Thiosulfinates တွေလျော့နည်းသွားနိုင်တာမို့ ကြက်သွန်နီကို အစိမ်းလိုက်စားပါ။ ဒါမှမဟုတ် မကျက်တကျက်စားပါ။ ကြက်သွန်နီ အမျိုးအစား များစွာရှိပြီး ချက်ပြုတ်နည်းတွေလည်း ကွဲပြားတာမို့ ဘယ်လောက်စားရမလဲ ဆိုတာ ပြောရခက်ပါတယ်။ နေ့စဉ်စားနေကျ အစာအဖြစ် ပုံမှန်စားသင့်တယ်” လို့ သုတေသနပြု သူတွေက ဆိုပါတယ်။

ငရုတ်သီး
ရှေးလူကြီးတွေက columbus ဟာ ငရုတ်သီး ကုန်ကူးရာမှာ နာမည်ကျော်သူလို့ ဆိုပါတယ်။ ငရုတ်သီးဟာ စိုက်ပျိုးရ လွယ်ကူတဲ့ အတွက် ကမ္ဘာတစ်ဝန်း ဆေးကုသရာမှာ အသုံးပြုကြပါတယ်။ ရှေးလူကြီးတွေဟာ ငရုတ်သီးကို နာကျင်မှု ဝေဒနာ သက်သာအောင်မှ အစပြုပြီး ကာမရာဂ နိုးကြွစေတဲ့ ဆေးအဖြစ် ရောဂါ အားလုံး အတွက် အသုံးပြုကြပါတယ်။
သုတေသနပြုသူတွေက ငရုတ်သီးမှာ ပါဝင်တဲ့ ပူစပ်တဲ့ အရသာရှိတဲ့ capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့် ကြွက်သား နာကျင်တာ၊ ခွဲစိတ်အပြီး နာကျင်တာနဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေတာကို ယနေ့အထိ လူသိများနေဆဲလို့ ဆိုပါတယ်။

လေ့လာမှုတွေ အရ ငရုတ်သီးဟာ ဦးနှောက်အတွင်း နာကျင်မှုဝေဒနာကို သယ်ဆောင် ပေးတဲ့ chemical messages တွေကို တားဆီးနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး လေ့လာမှုအရ ငရုတ်သီးဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီနိုင်တယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ် American Journal of Clinical nutrition မှာ Caspsaicin နဲ့ ဆက်စပ်နေတဲ့ ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလျော့ကျအောင် ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ငရုတ်သီးဟာ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ငရုတ်သီးပါဝင်တဲ့ နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်နေပြီး အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းနေတာကို တွေ့ရှိရပါတယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ်။

အကျိုးကျေးဇူးရအောင်
နာကျင်မှု ဝေဒနာ သက်သာအောင် Capsaicin ointment နဲ့ Cream ကို လိမ်းပေးပါ။ ကိုယ်အလေးချိန် ထိန်းဖို့ ငရုတ်သီးဆေးတောင့် မပေါ်သေးပါဘူး။ သင့်ရဲ့ အစားအစာထဲမှာ ငရုတ်သီးအစိမ်း လိုက်ထည့်စားတာ ဒါမှမဟုတ် အသုပ်တွေထဲမှာ ငရုတ်သီးမှုန့် ထည့်စားတာ၊ ငရုတ်သီးမှုန့်နဲ့ ဟင်းချက်ပြီး စားတာတွေ လုပ်ပါ။

နံနံပင်
ရှေးလူကြီးတွေက နံနံပင်အမြစ်ကို ဆီးလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေ ကုသရာမှာ အသုံးပြုကြပါတယ်။ ၁၆၂၉ ခုနှစ်ကတည်းက အင်္ဂလန်ဘုရင်မအတွက် အသုံးပြုခဲ့ကြပါတယ်။ ၁၈ ရာစု အလယ်မှ စပြီး ၁၉ ရာစု အစောပိုင်းကာလ အထိ အမေရိကန်မှ ဆရာဝန်တွေက နံနံပင်ကို အသုံးပြုရာမှာ နာမည်ကျော်ကြား ကြပါတယ်။
ကြက်သွန်နီကြောင့် အနံ့နံတာကို နံနံပင် စားတာနဲ့ ဖြေဖျောက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ၂၀၀၂ ခုနှစ်က ဆီးလမ်းကြောင်း ဆိုင်ရာ ဂျာနယ်လေ့လာမှု အများအပြားကို စိစစ်ပြီး ဖော်ပြထားချက် အရ နံနံပင်အမြစ်ဟာ ဆီးထွက်အားကောင်း စေတယ်လို့ သိရပါတယ်။ နံနံပင်ကို ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုနိုင်တယ်လို့ သုတေသန ပြုသူတွေက ထောက်ခံကြပါတယ်။

အကျိုးကျေးဇူးရအောင်
ဆီးလမ်းကြောင်း ပြဿနာဖြစ်နေရင် နံနံပင် နှစ်ဂရမ်စီနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကို တစ်နေ့သုံးခွက်သောက်ပေးပါ။

Ref: Good Health


ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဘေးထွက်ဆိုးကျိုး မရှိနိုင်သော သဘာဝဆေးဖက်ဝင် အပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် အဆိပ်အတောက်များကို ဖယ်ရှားပျက်စီးစေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ ဆံပင်များရှည်လျား စေသည့် အပြင်ဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ပေးနိုင်သည်။ကြက်သွန်ဖြူမှာထုတ်နုတ်ထားသောပစ္စည်းများပါသည့်ခေါင်းလျှော်ရည်များသည် ဆံပင်ကိုသန်စွမ်းစေကာဆံပင်ကျွတ်ခြင်းနှင့်ကျိုးကြေခြင်းတို့ကိုကာကွယ်ပေးသည့်အပြင်ဆံကေသာကိုတောက်ပြောင်လှပလာစေသည်။ ဆံပင်ခြောက်သွေ့နေသူများနှင့်ဦးရေပြားယားယံတတ်သူများလည်းကြက်သွန်ဖြူကို ယားယံမှုများမှ သက်သာစေရန် အသုံးပြုနိုင်သည်။

ဆံပင်ကျွတ်ခြင်းအတွက်ညအိပ်ရာမဝင်မီတစ်နာခန့်အလိုတွင်ကြက်သွန်ဖြူတစ်မြွှာအားအလွှာလိုက်လှီးကာဆံပင်ကျွတ်နေသောနေရာတွင် ပွတ်လိမ်းပေးပါ။ တစ်နာရီခန့် စောင့်ပြီးနောက် ဦးရေပြားအား သံလွင်ဆီနှင့် နှိပ်နယ်ပေးပါ။ ထို့နောက် ခေါင်းစွပ်ကိုစွပ်၍ အိပ်ရာဝင်ပါ။ မနက်တွင် ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်ကြာ ဆက်တိုက်လုပ်ပေးပါက ဆံပင်ကျွတ်ခြင်း ရပ်တန့်၍ ဆံပင်ပြန်ပေါက်လာစေပါသည်။

ကြက်သွန်နီ
ကြက်သွန်နီတွင်အရေးကြီးသောဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ဗီတာမင်စီ၊ ဘီစစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် ဂျာမေနီယမ်တို့ ပါဝင်ပါတယ်။ ဆာလ်ဖာပါဝင်မှုလည်း မြင့်မားသည်။ ဆာလ်ဖာသည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းတွင် ပါရှိပြီး၊ ဆံပင်၊ အရေပြားနှင့် လက်သည်းများတွင် ပါဝင်မှု အများဆုံးဖြစ်သည်။

ဆံပင်ကျွတ်ခြင်းအတွက် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ကြက်သွန်နီအရည်ကို ဦးရေပြားပေါ်တွင် တိုက်ရိုက်လိမ်းလိုက်ပါ။ ထို့နောက် ဆံပင်အရင်းအထိ စိမ့်ဝင်နိုင်အောင် ဦးရေပြားအား နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာက ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ နေ့စဉ်ဆက်တိုက်လုပ်ပေးပါက လအနည်းငယ်အတွင်း ဆံကေသာ သန်စွမ်းလာစေ နိုင်ပါသည်။

Ref: Good Health

0 comments:

Post a Comment