Wednesday, August 1, 2012

နှစ်ခြင်းသမိုင်းအကျဉ်းချုပ်

နှစ်ခြင်းအသင်းတော်များ၏ သမိုင်းကို တမန်တော်များ၏ခေတ် (Apostolic age) အချိန်အခါမှ စတင်ခဲ့သည်ဟု ပြောဆိုနိုင်ပါသည်။ သို့သော် ဤသို့ပြောဆိုခြင်းသည် အလွန်ယေဘုယျဆန်လွန်းပါသည်။ အကြောင်းမှာ ခရစ်ယာန်ဂိုဏ်းဂဏတိုင်းသည်လည်း ဤကဲ့သို့ သမိုင်းကြောင်းကို ဖွင့်ဆိုနိုင်သောကြောင့်ဖြစ်ပါသည်။

နှစ်ခြင်းသမိုင်းကို ပြန်လည်လေ့လာသောအခါ နှစ်ခြင်းများသည် (၁၆) ရာစု၌ အသင်းတော်ပြန်လည် ပြုပြင်ခြင်း (Protestant Reformation) အချိန်အခါမှ စတင်ပေါ်ပေါက်လာပါသည်။ နှစ်ခြင်းများသည် ယုံကြည်သူ၏ နှစ်ခြင်းမင်္ဂလာ (Believer’s Baptism) ကိုခံယူပြီး ယုံကြည်သူများ၏ မိတ်ဿဟာယအဖွဲ့သည် အသင်းတော်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ (Fellowship of Baptized Believers) ထို့အပြင် ခရစ်တော်သာလျှင် ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုတွင် အဓိကအခွင့်အာဏာရှိကြောင်းကို ယုံကြည်ကြပါသည်။ (The Bible is the final source of authority) ဘာသာတရား၏ လွတ်လပ်မှုကို လိုလားတောင့်တသောကြောင့် အသင်းတော်နှင့် အစိုးရသည် သီးခြားရပ်တည်ဖွဲ့စည်းရမည့်အကြောင်းကိုလည်း ယုံကြည်ကျင့်သုံးလာကြပါသည် (Separation of Church and State)၊

အဖွဲ့အစည်းအနေဖြင့် နှစ်ခြင်းအသင်းတော်ကို အင်္ဂလန်နိုင်ငံ၌ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အင်္ဂလီကန်အသင်းတော်တွင် ရှင်ဘုရင်များ၏ ဖိနှိပ် နှိပ်ကွပ်မှုကြောင့် ပြုပြင်ပြောင်းလဲမှုကို ဖြစ်စေသော လူအုပ်စုနှစ်စုနှစ်ဖွဲ့ ပေါ်ပေါက်လာပါသည်။ ပျိုရတန် (Puritan) အဖွဲ့အစည်း အင်္ဂလီကန်အသင်းတော်အတွင်း တွင်ရှိပြီး ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ကြပါသည်။ ခွဲထွက်သူများ (Separatists) တို့သည် အင်္ဂလီကန်အသင်းတော်မှ ထွက်၍ နှစ်ခြင်းအသင်းတော်ကို တည်ထောင်ကြပါသည်။ ဆရာကြီး ဂျွန်စမစ် (John Smyth) သည် ကင်းဗရစ် (Cambridge) တက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်ပြီး၊ ၁၆၈၀ ခုနှစ်တွင် ဟော်လန်နိုင်ငံ အမ်စတာဒမ် မြို့သို့ရောက်လာပြီး၊ နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်ခဲ့သည်။ ဆရာကြီးသောမတ်စ်ဟယ်လ်ဝေစ် (Thomas Helwys) သည် ၁၆၁၂ ခုနှစ်တွင် ဟော်လန်နိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ ပြန်သွားပြီး၊ လန်ဒန် မြို့၌ နှစ်ခြင်းအသင်းတော်ကို ခက်ခဲစွာတည်ထောင်ခဲ့သည်။ သူ၏ယုံကြည်ခြင်းတွင် ရဲရင့်မှုကြောင့် ထောင်ထဲတွင် သေဆုံးခဲ့သည်။ ပထမဦးဆုံးသော နှစ်ခြင်း မာတုရဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၌ Roger Williams သည် ၁၆၃၉ ခုနှစ်တွင် Rode Island ၌ နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်ခဲ့ပြီး တဖြည်းဖြည်း နှစ်ခြင်းသာသနာသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန့်နှံ့လာကာ ယနေ့ ကမ္ဘာတိုင်းနိုင်ငံများတွင် နှစ်ခြင်းအသင်းတော်ကို တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်း သာသနာပြုဆရာကြီး ယုဒသန် (၁၇၈၈-၁၈၅၀) သည် ၁၈၁၃ ခုနှစ်တွင် မြန်မာမြေပေါ် ရောက်ရှိလာပြီး သာသနာပြုခဲ့သောကြောင့် ယနေ့မြန်မာနိုင်ငံတွင် နှစ်ခြင်းအသင်းတော်များ တည်ရှိလာခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်ခြင်းသာသနာ ပြည်လုံးစည်းဝေးကြီး (Burma Baptist Missionary Convention) ကို ၁၈၆၅ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့ တွင် ဖွဲ့စည်းပြီး ယနေ့မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ Myanmar Baptist Convention (MBC) အဖြစ်ဖြင့် ဆက်လက်တည်ရှိနေပါသည်။ မြန်မာနိုင်ငံ နှစ်ခြင်းအသင်းချုပ်တွင် အသင်းတော်ပေါင်း (၃၉၀၅) ပါး ရှိပြီး နှစ်ခြင်းခံယုံကြည်သူ (၆၆၂၈၃၄) (ဤစာရေးသားစဉ်အခါက) ရှိပါသည်။ လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ် (၁၆) ဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်သောအသင်းတော် (၂) ပါးဖြင့် ဖွဲ့စည်းထားသော အသင်းချုပ်သည် မြန်မာနိုင်ငံ နှစ်ခြင်းသာသနာလုပ်ငန်းများကို ဘုရားပေးတာဝန်ဟု ခံယူကာ ကြိုးစားလုပ်ဆောင်လျက်ရှိနေပါသည်။

နှစ်ခြင်းအသင်းတော်များသည် ယုံကြည်သူနှစ်ခြင်း အသင်းသူ အသင်းသားများကို အခြေခံကာ ဒေသန္တရအသင်းတော်များ (Local Churches) ဖွဲ့စည်း၍ သာသနာ့ လုပ်ငန်းများကို လွတ်လပ်စွာ ရပ်တည်လုပ်ဆောင်ကြသော်လည်း နှစ်ခြင်းအသင်းတော်များ အချင်းချင်းကူညီပံ့ပိုးခြင်းအားဖြင့် သာသနာပြုသက်သေခံကြပါသည်။ မြန်မာနိုင်ငံ၌ နှစ်ခြင်းအသင်းတော်များသည် မိမိနှင့်သက်ဆိုင်သော အသင်းတော်များအဖွဲ့၊ အဖွဲ့ချုပ်နှင့် အသင်းချုပ်ကို ဖွဲ့စည်းတည်ထောင်ပြီး အာရှနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (Asian Baptist Federation) နှင့် သော်၎င်း၊ ကမ္ဘာ့နှစ်ခြင်ဿးဟာရ အဖွဲ့ကြီး (Baptist World Alliance) နှင့်သော်၎င်း ဆက်သွယ်ကာ နှစ်ခြင်းသာသနာ့လုပ်ငန်းများကို ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့နှစ်ခြင်း ဿဟာယအဖွဲ့ကြီးတွင် နှစ်ခြင်းခံယုံကြည်သူများ (၄၃) သန်းကျော်ရှိပြီး၊ နှစ်ခြင်းမိသားစုဝင် ဦးရေမှာ သန်း (၁၀၀) ကျော်ရှိလာပြီဖြစ်ပြီး နှစ်ခြင်း ယုံကြည်သူများသည် (၅) နှစ်တစ်ကြိမ် ဓမ္မသဘင်ကြီး (Baptist World Congress) ကိုပြုလုပ်ကျင်းပကာ အချင်းချင်း တွေ့ဆုံမိတ်ဿဟာယဖွဲ့၍ ခရစ်တော်စေခိုင်းသော သာသနာ့လုပ်ငန်းများကို သယ်ပိုးဆောင်ရွက်လျက်ရှိပါသည်။

မှတ်ချက်။ ။ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်မှ ထုတ်ဝေသော “နှစ်ခြင်းအသင်းတော်များ၏ အခြေခံယုံကြည်ချက်နှင့် ကျင့်သုံးမှု” စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။

US Siyin Baptist Church

0 comments:

Post a Comment