ချင်းအမျိုးသားနေ့ နှင့်
ချင်း အမျိုးသားတို့ လျောက်လှမ်း ရဦးမည့် ဒီမိုကရေစီ ခရီးရှည်။
ဆလိုင်းကစ်(ပ်)ခိုလျန်
(ချင်းပြည်)
ချင်းအမျိုးသားနေ့ ကို အစဉ်အလာ မပျက် ကျင်းပခဲ့ကြသည်မှာ နှစ်ပေါင်း (၆၅) နှစ်ပင်
ရှိလာပြီဖြစ်သည်။ ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ဖလမ်းမြို့တွင် ချင်းအမျိုးသား
တို့အတွက် ဒီမိုကရေစီ အုတ်မြစ် ကို ပူ ၀မ်သူမောင်၊ ပူ မန်တုံးးနုံး အစရှိသည့် ချင်း
ခေါင်းဆောင်ကြီးများ၏ ဦးဆောင် မှု ဖြင့် အတူတကွ စိုက်ထူခဲ့ကြသည် မှာ ရာစုနှစ် ထက်ဝက်ပင်ကျော်လာခဲ့ပြီဖြစ်သည်။
ထိုနည်း ၄င်းပင် ပြည်ထောင်စု မြန်မာနိုင်ငံဟူ၍ ပေါ်ပေါက်ခဲ့သည်မှာ (၆၅) နှစ်တင်းတင်းပြည့်ခဲ့
ပြီဖြစ်ပြီး ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည် ပင်လုံ မြို့ ကလေးတွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တိုင်းရင်းသားခေါင်းဆောင်ကြီးများ က ပင်လုံစာချုပ်ကို
သဘောတူ လက်မှတ်ရေးထိုးကာ အသစ် ပေါ်ထွန်းလတ္တံ့သော ပြည်ထောင်စု ကြီး ၏ အုတ်မြစ် ကိုချမှတ်ခဲ့ကြသည်မှာ
လည်း ရာစုနှစ် ထက်ဝက် ပင် ကျော်လာ ခဲ့ပြီဖြစ်သည်။
ဤသည်တို့မှာ ကိုလိုနီ ခေတ်ဟောင်း စနစ်ဟောင်းတို့ ကို အဆုံးသတ်ကာ ငြိမ်းချမ်း၍ တိုးတက်သောခေတ်သစ်ကို
စတင် ခြေလှမ်းလှမ်း ခဲ့ကြသည့် သမိုင်းမှတ်တိုင်များ
ဖြစ်သည်။ ကျွန်တော်တို့ချင်းပြည်တွင် သားစဉ်မြေးဆက် မျိုးရိုးလိုက် လက်ဆင့် ကမ်း အုပ်ချုပ်ခဲ့ကြသည့်
Ukpi, Bawi , တိုက်သူကြီး၊ စော်ဘွား တို့ အုပ်ချုပ်သည့် ပဒေသရာဇ် စနစ်သည်
ပင်လုံစာချုပ် အားဖြင့် လွတ်လပ်ရေးကို အရယူ ခဲ့ပြီး ခေတ်သစ်ထဲသို့ ကူးပြောင်း ၀င်ရောက်တော့မည့်
ချင်းပြည်နှင့် အပ်စပ်မှု မရှိတော့ ကြောင်း ထိုစဉ်ကာလ ချင်းပြည်၏ အကြီးအကဲ အုပ်စိုးသူ
(Ukpi, Bawi) တို့ က ကောင်းမွန်စွာ သဘောပေါက်နားလည်ထားခဲ့ကြ သည်။ ယင်းသို့ နားလည်ထားကြသဖြင့်
လည်း ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ချင်းပြည်၏ အနယ်နယ်အရပ်ရပ်မှ တက်ရောက်သည့်
ကိုယ်စားလှယ်တော် အများစုကြီး က ချင်းတို့ ၏ ရှေးဟောင်း ပဒေသရာဇ် စနစ် ဖျက်သိမ်းရေး၊
ဒီမိုကရေစနစ် ထူထောင်ရေး တောင်းဆိုမှု သည် အလွယ်တကူ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
တနည်း အားဖြင့် ချင်းပြည်တွင် ထိုစဉ်ကာလ က အုပ်စိုးသူ ပဒေသရာဇ် လူတန်းစားနှင့်
အအုပ်စိုးခံ ပြည်သူလူထု အကြား ကြီးမားသော သွေးမြေကျ လူတန်းစား ပဋိပက္ခ များ မရှိခဲ့ပေ။
အုပ်စိုးသူ ပဒေသရာဇ် များကလည်း မိမိတို့၏ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့ကြသည့် အာဏာ
ကို သဘာဝကျကျပင် စွန့်လွှတ်လို ကြမည် မဟုတ်ပါ။ သို့သော်လည်း ရင်း အာဏာ ကို အရင်အတိုင်း
ဖက်တွယ် ထားရန်မဖြစ်နိုင်တော့ကြောငိး သဘောပေါက် ကြပါသည်။ အများဆန္ဒ အတိုင်း ဒီမိုကရေစီနည်းကျ
ဆုံးဖြတ် ခဲ့ကြသည် ဖြစ်သဖြင့် အအုပ်စိုးခံလူတန်းစား က အုပ်စိုးသူလူတန်းစား တို့အား
တော်လှန်ပုန်ကန် ခြားနား ကာ အတင်းအဓမ္မဖြုတ်ချ သည့် သဘောမျိုး မဟုတ်ခဲ့ပေ။ လူတန်းစားတရပ်က
အခြားလူတန်းစားတရပ်အပေါ် အောင်ပွဲခံသွားခြင်းလည်း အလျဉ်း မဟုတ်ခဲ့ပေ။ လူတန်းစားတိုက်ပွဲ
ပုံစံမျိုး လည်း ပေါ်ပေါက် ခဲ့သည်ဟု မှတ်တမ်းမှတ်ရာများမရှိခဲ့ပေ။ ဖလမ်း ညီလာခံကြီးသို့
တက် ရောက်သူ လူထုကြီးတရပ်လုံး က ပဒေသရာဇ်စနစ်ကို ဖျက်သိမ်း ရန်မဲပေးကြပြီး ကန့်ကွက်မဲ
(၁ရ) မဲသာရှိသဖြင့် ဒီမိုကရေစီ နည်းကျဆုံးဖြတ်မှုကို လက်ခံပြီး အာဏာ ကို အသာတကြည်စွန့်လွတ်ခဲ့ကြခြင်းဖြစ်ပေသည်။
ကမ္ဘာ့ စက်မှု တော်လှန်ရေးကြီးနှင့် အတူ ပေါက်ဖွားခဲ့သည့် ခေတ်သစ် ၏သင်္ကေတများဖြစ်သော
အစုလိုက် အပြုံလိုက် ပညာသင်ယူကြရသည့် စာသင် ကျောင်းများ၊ ဖျားနာကြရာတွင် မိရိုးဖလာ
တိုင်းရင်းဆေးပညာ ဖြင့် အိမ်တွင်း တွင် ကုသမှု ကြရသည်မှ ခေတ်သစ် သိပ္ပံဆေးဖြင့် လူနာအများ
ကို အစုအဖွဲ့လိုက် တက်ရောက်စေကာ ကုသပေးသည့် ဆေးရုံများ၊ တိုင်းပြည်ကို အထက်အောက်
ဒေါင်လိုက်အဆင့်ဆင့် စနစ်တကျ အုပ်ချုပ် နိုင်ရေး အတွက် အစိုးရ၏ ရုံးမှုထမ်းတို့ တစုတဝေးတည်း
အမှုထမ်းဆောင်ရသည့် အုပ်ချုပ်ရေး ရုံးများ နှင့်တရားရုံးများ ကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ်သစ်၊
ရာဇ၀တ်သားများ နှင့် တိုင်းပြည်၏ ပြည်တွင်းပြည်ပ ရန်မှ ပြည်သူကိုကာကွယ်ရန်အတွက် စနစ်တကျ
စုဖွဲ့ ထား သော အမြဲတမ်း ရဲတပ်ဖွဲ့များ နှင့် စစ်တပ် များ၊ အသစ် ဖြစ်တည်လာကြပြီး လူဦးရေ
တိုးပွား သထက် တိုးပွား များပြားနေသည့် မြို့ပြ များ အစရှိသည်တို့ ကို ၄င်း၊ အစုအဝေး
နှင့် ထုနှင့်ထည် နှင့် ဖြစ်လာ ကြသည့် ကျောင်းသားထု၊ အလုပ်သမား လယ်သမားထု၊ ပြည် သူလူထု
စသည့် စသည့် ရှေး ခေတ် (၁၉) ရာစုခေတ် ကကဲ့ သို့ ရိုးစင်း ရှင်းလင်း သည့် ကျေးလက်လူ့အဖွဲ့အစည်း
မျိုးမှသည် မြို့ပြ ဗဟိုပြု စက်မှုခေတ် ၏ လူ့အဖွဲ့အစည်း သွင်ပြင်လက္ခဏာ သို့ တမဟုတ်ချင်း
ကူးပြောင်းလာသော ခေတ်သစ်လူ့အဖွဲအစည်း ပုံ သဏ္ဍန် အသစ်ကို စီမံခန့် ခွဲ အုပ်ချုပ်ရာတွင်
ရှေးဟောင်း ပဒေသရာဇ် အုပ်ချုပ်ရေး ယန္တယား တို့ ဖြင့် ဆက်လက်ထိမ်းချုပ် ခန့်ခွဲ အုပ်ချုပ်ရန်မှာ
လားလားမျှ မဖြစ်နိုင် တော့ပေ။ ချင်းပြည်ကို
ဘိုးဘေး စဉ်လာ အုပ်စိုးခဲ့သော ပဒေသရာဇ် တို့ကလည်း
ဤမည်သော ပြောင်းအလဲ များကို ကောင်းစွာ မြင်တွေ့ နားလည်သဘောပေါက်ကြသည့် အလျောက် ဒီမိုကရေစီ
အုပ်ချုပ်ရေး ယန္တယား အားဖြင့် အစားထိုး အုပ်ချုပ်ရန် ချင်းပြည်သူ တရပ်လုံး နည်းတူ လိုလိုလားလားကြိုဆိုခဲ့သည်သာဖြစ်သည်။
ထိုစဉ် ကာလ ချင်းပြည်၏ အုပ်စိုး သူ တို့သည် လွတ်လပ်ရေး အမြန်ရရှိရေး နှင့် ပြည်ထောင်စု
နိုင်ငံသစ်ထူထောင်ရေး အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ သမိုင်း တာဝန်ကြေ ခဲ့ကြသည့်အပြင်
ချင်းပြည် သူတို့၏ ဒီမိုကရေစီ တောင်းဆိုမှု ကိုပါ သဘောထားပြည့်ဝစွာ လက်ခံခဲ့ကြ သည်။
ချင်းပြည်တွင် ဒီမိုကရေစီ အုပ်မြစ်ကိုအောင်မြင်စွာ ချနိုင်ခဲ့ကြသော်လည်း
တတိုင်းတပြည်လုံးကို ပြည်ထောင်စု ပုံစံသစ်ဖြင့် အုပ်ချုပ်သွားရန် သန္တိဌာန် ချခဲ့သည့်
ပင်လုံ ကတိက၀တ် တို့ ကို ဗမာ နိုင်ငံရေးခေါင်းဆောင် များမှ ချိုးဖေါက်ခဲ့ကြသဖြင့် အတုအယောင်
ပြည်ထောင်စု အောက်တွင် ချင်းအမျိုးသားတို့ ၏ ဒီမိုကရေစီ မျှော်မှန်းချက်တို့ရေစုန်မျောခဲ့ရသည်။
လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး ၏ ငြိမ်းချမ်းသော၊ စည်းလုံးသော၊ ခေတ်မှီ တိုးတက်
သော ပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရေး မျှော်မှန်းချက်တို့သည် လည်း ရေစုန်မြောခဲ့ရ
သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်အုတ်မြစ် ချပေးခဲ့သည့် တန်းတူရည်တူ ပြည်ထောင်စု
နိုင်ငံ ကိုမတည်ဆောက်ပဲ တိုင်းပြည်ကို တပြည်ထောင် ကိုလိုနီ ကျွန်ဇတ်သွင်းခဲ့သဖြင့်
တိုင်းရင်းသားပြည်နယ်များတွင် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများ ပေါ်ပေါက်ခဲ့ရသည်။
ပြည်တွင်းစစ်မီးဟုန်ဟုန်း တောက် လောင်ခဲ့သည့်
အဆုံးတွင် ဗမာ အပါအ၀င်ဖြစ်သော တိုင်းရင်းသား ပြည်သူတရပ်လုံး ၏ဘ၀ သည် စစ်ကျွန်ဘ၀သို့
သက်ဆင်း ကျရောက်ခဲ့ပြီး ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ အဖြစ်သို့ပင် နိမ့်ကျ ခဲ့ ကြရသည်။
ဗိုလ်ချုပ်အောင်ဆန်း အားလုပ်ကြံသတ်ဖြတ် လိုက်ပြီးနောက်ပိုင်းတွင်
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လက်နှင့် ရေးထိုးခဲ့သော ပင်လုံစာချုပ်ကို အုပ်စိုးသူ ဗဟို အစိုးရ အဆက် ဆက် တို့ က ခေတ် အဆက်
ဆက် ခြေဖြင့် နင်းခြေ ဖျက်စီး ပစ်ခဲ့ ကြ သည်။ တနည်းအားဖြင့် နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
အပေါ် ၄င်း၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်တို့နှင့် အတူ
တကွ ထူထောင်ခဲ့သည့် တန်းတူရည်တူ ပြည်ထောင်စု
ကြီး ကို၎င်း သစ္စာဖေါက်ခဲ့ကြခြင်းဖြစ်သည်။ နောက်တနည်းပြောရလျင် ဗမာ စစ်ဝါဒီ တို့ သည်
ဗိုလ်ချုပ်အောင်ဆန်း ၏ ပင်လုံ အတွေးအခေါ် ကိုဆန့်ကျင်ကာ ခေတ်သစ် ပြည်ထောင်စု ကြီး မှ
စတင် ခွဲထွက်လိုက် သည့် ကနဦး ခွဲထွက်ရေးသမား အစစ်အမှန်များဖြစ်ကြသည်။
သမိုင်းကိုနက်နက်ရှိုင်းရှိုင်း ကြည့်မြင်သုံးသပ်ပါက ချင်းအမျိုးသားနေ့ ၏ မျှော်မှန်းချက် တို့သည် ပင်လုံမျှော်မှန်းချက်
နှင့် ခွဲခြားမရအောင် ဆက်စပ် နေသည် ကိုတွေ့ရှိရပေမည်။ ဆိုလိုသည် မှာ ဗမာအပါအ၀င်ဖြစ်သော
လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူတို့ မျှော်မှန်းသည့် ပင်လုံ ရည်မှန်းချက်များ
ကို အကောင်အထည်ဖေါ်ဆောင်နိုင်မှ သာလျင် ချင်းအမျိုးသားတို့၏ ဒီမိုကရေစီ လှုပ်ရှားမှု သည်
လည်း အောင်မြင်ပြီး အဒွန့်ရှေ တည်တန့် နိုင်မည်ဖြစ်သည်။ ချင်းအမျိုးသားရေး လှုပ်ရှား
မှု နှင့် အတူ ပင်လုံ ကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးပေါ်ထွန်းရေး ကိုပါ ဟန်ချက်ညီ
လှုပ်ရှားရေးသည် မလုပ် မနေ လုပ်ကြရ တော့မည်ဖြစ်သည်။ သို့မှသာလျင် လူမျိုးတမျိုးနှင့်တမျိုး
နိုင့်ထက် စီးနင်းပြုကျင့်သည့် စစ်ဝါဒီ တို့၏ လမ်းစဉ် ကို လူမျိုးပေါင်းစုံ သာတူညီမျှရေး၊
လူမျိုးအားလုံး လွတ်လပ်ရေး ၏ အသီးအပွင့်များ ကို တန်းတူရည်တူ အတူတကွခံစားနိုင်ရေး အစရှိသည့်
ပင်လုံရည်းမှန်းချက်တို့ ကို အကောင်အထည် ဖေါ်ဆောင်နိုင်မည်ဖြစ်သည်။
တကြိမ်တည်းတွင် ချင်းပြည်နှင့် ချင်းအမျိုးသားတို့သည် ဗြိတိသျှ
အင်ပါယာ အောက်တွင် ကိုလိုနီ ကျွန်သဘောက်ဘ၀သို့မရောက်မီ မည်သည့် ပြင်ပ အင်အားစု၏ လက်အောက်
ခံမှ မဟုတ်ခဲ့ဘူးပဲ၊ လုံးဝ လွတ်လပ်သောလူမျိုးတမျိုးဖြစ်ခဲ့သည်ကိုမမေ့အပ်ပေ။ ထို့အပြင်
ရှေးဟောင်း ချင်း ပြည် အတွင်း ချင်း လူ့အဖွဲ့အစည်းသည် လုံးဝဥသုံ လွတ်လပ်သော မျိုးနွယ်စု
များ ကို အခြေခံသည့် Gam (သို့မဟုတ်) Ram ခေါ် မြောက်မြား လှစွာသော တိုင်း နိုင်ငံ ငယ်ကလေးများ ဖြင့် တည်ဆောက် ဖွဲ့စည်း ခဲ့သည်။ ယင်း သို့သော မိမိတို့၏
သမိုင်းကြောင်းကို အသိအမှတ်ပြုကာ မိမိတို့ ၏ ပြည်နယ် အတွင်း တဦးနှင့် တဦး ဒေသတခုနှင့်တခု
မျိုးနွယ်စုတခုနှင့် တခု အတွင်း တန်းတူမှု၊ လွတ်လပ်မှု အပြန်အလှန်လေးစားချစ်ကြည်မှုများ
ရှင်သန်နေရေးအတွက် မနားမနေ အစဉ်အမြဲ တည်ဆောက်ရေးသည် ချင်းတမျိုးသားလုံးအရေးကို ဆောင်ရွက်ကြမည့်
ချင်းလူငယ်မျိုးဆက်သစ်တို့၏ ပခုံး ပေါ်တွင် ကျရောက် နေသည့် သမိုင်းပေး အမျိုးသားရေး
တာဝန် တရပ် ဖြစ်ပေသည်။
ပြည်ထောင်စု တ၀ှမ်းတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီးတို့သည်
ပြည်နယ်များ တန်းတူရေး၊ လွတ်လပ်ရေး၊ ပင်လုံ ရည်မှန်းချက် တို့ ကို မျက်မောက်ပြုနိုင်ရန်
အတွက် မိမိတို့၏ အမျိုးသားရေးနှင့် ပြည်ထောင်စုအရေး သည် ခွဲခြားမရအောင်နီးနီးကပ်ကပ်
ဆက်စပ်နေသည် ကို သတိမူသင့်သည်။ ယင်း အရေး နှစ်ရပ်
ကို အဆက်အစပ်မရှိသည့် သီးခြားကိစ္စများကဲ့သို့သဘောထား ၍မရပေ။ ကျွန်တော်တို့ ချင်း အမျိုးသားများသည်လည်း
ချင်းတမျိုးသားလုံးအရေး နှင့် ဒေသ အသီးသီး၏ ဒေသဆိုင်ရာအရေးတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရန် အရေး ကြီးလှပါသည်။
ယနေ့ ကမ္ဘာသည် မူးယစ်ဆေးဝါးပြဿနာများ၊ အကြမ်းဖက်ဝါဒ ပြဿနာများ၊
သဘာ၀၀န်းကျင်ထိမ်းသိမ်းရေး ပြဿနာများ၊ ရာသီဥတု ပြောင်းလဲသည့် ပြဿနာများ၊ ငတ်မွတ်ခေါင်းပါးမှု
ပြဿနာများ၊ တကမ္ဘာလုံးကို တုန်လှုပ်စေသည့် ကမ္ဘာ့ငွေကြေး ပြဿနာများ၊ အေအိုင်ဒီအက်စ်ကဲ့သို့
ကူးစက် တတ်သည့် ရောဂါများ အစရှိသည်ဖြင့် နိုင်ငံနယ်နိမိတ်များ ကို ကျော်ဖြတ်ကာ ဖြစ်ပေါ်နေသည့်
ပြဿနာများ ကို လူသားစိတ်ဓါတ်ကိုအခြေခံကာ စည်းရိုး နယ်ခြားမဲ့ လှုပ်ရှားသည့် အဖွဲ့ အစည်း
အမြောက်အမြား ကဆောင်ရွက် အဖြေရာနေကြရသည့် အချိန်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာပြဿနာများကို
ကမ္ဘာလုံးဆိုင်ရာ အမြင်များ ကို ကိုင်ဆွဲသည့် အဖွဲံအစည်းများကို ဖွဲ့စည်းကာ ချဉ်းကပ်
အဖြေရှာမှသာလျင် ပိုမို ၍ ထိထိရောက်ရောက် ဖြေရှင်း နိုင်ကြမည်ဖြစ်သည်။ ကျွန်တော်တို့
၏ ပြည်ထောင်စု တခုလုံး၏ အနာဂတ် အရေးကိုလည်း လူမျိုး၊ နယ်မြေ၊ဒေသ တို့ကိုဖြတ်ကျော်သည့်
ပင်လုံ စိတ်ဓါတ်အားဖြင့် အဖြေရှာကြရမည်သာဖြစ်သည်။ ထိုနည်း၎င်းပင် ပြည်နယ်အသီးသီး တွင်လည်း
ရှင်သန်အားကောင်းပြီး ဖြစ်သော ဒေသ၊ မျိုးနွယ်စု
စိတ်ဓါတ် များ ကိုဖြတ်ကျော်သည့် အမျိုးသားရေး အမြင်တို့ ကို ဆွဲကိုင် ကာ (၂၁)
ရာစုခေတ်၏ အသစ်သော စိန်ခေါ်မှုပေါင်းမြောက်မြားစွာ ကို ထိထိရောက်ရောက် ရင်ဆိုင် ဖြေရှင်း
နိုင်ရေးသည် အတွက် လူငယ်မျိုးဆက်သစ်တို့ အကြား အမျိုးသားရေး ရေချိန် ကို ပါ မြှင့်တင်
ပေးရန် လို အပ် နေပါ သည်။
(၂၁) ရာစုနှစ်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ချဉ်းနင်းဝင်ရောက်လာခဲ့ကြသည်နှင့်အမျှ
ခေတ်နှင့် အညီ ပြဿနာအသစ်များ ကိုရင်ဆိုင်နေကြရသည့် အချိန်တွင် အသစ်အသစ်သော နည်းပညာတို့
၏ အကူအညီအားဖြင့် အသစ်အသစ်သော အခွင့်အလန်းမြောက်မြားစွာ ကို အသုံချပြီး၊ တချိန်ကမရှိခဲ့ဘူးသည့်
စိန်ခေါ်မှု
အသစ် များ စွာ ကို လည်း ကျွန်တော်တို့ ရင်ဆိုင် ကြုံတွေ့ ဖြေရှင်းကြရမည်ဖြစ်သည်။
အသစ်သော တက္ခနိုလိုဂျီ နည်းပညာများ တဟုန်ထိုး တိုးတက်လာသဖြင့် ပေါ်ပေါက်လာသော ကမ္ဘာ့ ဆက်သွယ်မှုတော်လှန်ရေးကြီး
သည် (၂၀) ရာစုခေတ်ကာလ တွင် ကြီးထွားရှင်သန်ဖွံ့ဖြိုးခဲ့သော စက်မှု လူ့အဖွဲ့အစည်း ၏ တည်ဆောက်ပုံ
structure တခုလုံးကို အခြေအမြစ် မှ စတင်လှန်လှော်ကာ ဖြိုချဖျက်စီးပြီး၊ ယင်း စက်မှုခေတ်
၏ သွင်ပြင် လက္ခဏာဟောင်းတို့ နေရာတွင် ယခင်ကမရှိခဲ့ဘူးသေးသော မြောက်မြားလှစွာသော ယဉ်ကျေးမှု
အသစ်များကိုသယ်ဆောင်လာတော့မည်ဖြစ်သည်။ ယနေ့ အချိန်အခါသည် ကျွန်တော်တို့၏ ဘိုးဘေးများ
မဖြတ်သန်း ခဲ့ရဘူးသေးသည့် (၂၁)ရာစု ခေါ် အသစ်သော အနာဂတ် တခု၏ ကြီးမားသော စိန်ခေါ်မှု ကို
မလွဲမသွေ ရင်ဆိုင်ကြရမည်ဖြစ်သည်။ ယနေ့အချိန်အခါသည် ချင်းပြည်တ၀ှမ်း လူတိုင်းစေ့ပါဝင်နိုင်သည့်
အမျိုးသားရေး အသွင်ဆောင်သော အသိပညာ လှုပ်ရှားမှု တရပ် ကိုစတင်နိုင်ရေးအတွက် ဒုတိယအကြိမ်
လူထု ညီလာခံကြီး တရပ်ကိုပြန်လည်ကျင်းပကာ သမိုင်း စာမျက်နှာ သစ်တရပ်ကို အတူတကွ စည်းစည်းလုံးလုံး
စတင် ဖွင့်လှစ် ရမည့် အချိန် ဖြစ်ပါ သည်။
ယနေ့ (၆၅) ကြိမ်မြောက်ချင်းအမျိုးသားနေ့ တွင် မျိုးနွယ်၊
ဒေသ၊ အစရှိသည်တို့ ကို ဖြတ်ကျော်သည့် ချင်း အမျိုးသားနေ့ စိတ်ဓါတ် ကို ကိုင်ဆွဲကာ ၁၉၄၈
ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ကျွန်တော်တို့၏ ဘိုးဘေးတို့ က ဖလမ်းမြို့ တွင် ကျဲဖြန့်စိုက်ပျိုး
ခဲ့သည် တန်းတူရေး၊လွတ်လပ်ရေး ဒီမိုကရေစီ ရေး မျိုးစေ့ ရှင်သန် ကြီးထွား ရေး အတွက် ဆောင်ရွက်ရမည့် သမိုင်းပေးတာဝန်များ
ကို အလေးအနက်နှလုံးသွင်းကြပါစို့။
Salai Kipp Kho Lian (Zoram)
0 comments:
Post a Comment